Wednesday 2 May 2018

ခရမ်းသီး မီးဖုတ်ထောင်း


ခရမ်းသီး မီးဖုတ်ပြီး သတ်သတ်လွတ်လေး ထောင်းဖြစ်သွားပါတယ် ထမင်းစားလို့ မြိန်တဲ့အတွက် စားချင်တဲ့သူတွေ လွယ်ကူမြန်ဆန်စွာ ထောင်းပြီးစားနိုင်ဖို့အတွက်မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခရမ်းသီး - အလုံးကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ -  အမွှာကြီးကြီး၂မွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နံနံပင် - မိမိနှစ်သက်သလောက်
  8. သံပုရာသီး - တစ်စိတ်
  9. ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးကို မိုက်ခရိုဝေ့သုံး ဇလုံထဲမှာ ထည့်ပြီး အဖုံးခပ်ဟဟအုပ်၍ မိုက်ခရိုဝေ့ထဲထည့်ပြီး ၄မိနစ်ခန့် ဖုတ်ပေးပါ
  • မီးသွေးမီးဖို သုံးပါက မီးသွေးမီးပေါ်တင်ပြီး အပြင်ခွံ ကျွမ်းတဲ့အထိ ကျက်အောင် ဖုတ်ပေးပါ
  • ဖုတ်ထားသော ခရမ်းသီးကို ဇလုံတခုထဲမှာ ရေထည့်ပြီး အခွံခွာထားကာ ခရမ်းသီးမှ ထွက်သော အစေးများ ထွက်အောင်ဆေး၍ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေကာ ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငရုတ်သီးစိမ်းနှင့် ဆာကိုထည့်ကာ အရင်ဆုံး ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူကို မညက်တညက် ထောင်းပေးပါ
  • ထိုအထဲမှာ ခရမ်းသီး ကြက်သွန်နီ အရသာမှုန့်တို့ထည့်ကာ ခပ်ဖွဖွထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ခရုတ်ကျည်ပွေ့နှင့် ခပ်ဖွဖွဘဲ ထောင်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် နံနံပင်နှင့် ပဲဆီထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ အနေတော်ရတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပြီး ခရမ်းသီးမီးဖုတ်ထောင်း မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment