Thursday 26 October 2017

ငါးငပိချက် စပ်စပ်လေး



မကြာမကြာ ချက်ဖြစ်ခဲ့တဲ့ ငါးငပိချက်လေးပါ ဒီတခါတော့ အချဉ်စူးစူးလေး စားချင်တာနဲ့ ချယ်ရီခရမ်းချဉ်သီးလေးတွေနဲ့ ချက်ထားပါတယ် စားရတာ အချဉ်အရသာ ပိုလေးပြီး စားလို့အရမ်းကောင်းတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပြုပ်ပြီး အသားမွှထားသော ဘာဆာငါး - 300 g (အရိုးထွင်ပြီးသား မည်သည့်ငါးနှင့်မဆို ချက်နိုင်ပါတယ် )
  2. ငရုတ်သီးအကြမ်းမှုန့် - ထမင်းစားဇွန်း သုံးဇွန်း (အစပ်မစားလျှင် လျော့ထည့်ပါ)
  3. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - ၄မွှာခန့်
  5. တဝက်ခြမ်းထားသော ချယ်ရီ ခရမ်းချဉ်သီး - အလုံး ၄၀ခန့်
  6. အခွံခွာပြီး ရေဆေးထားသော ကြက်သွန်ဖြူ - ၅မွှာ
  7. အညှာခြွေကာ ရေဆေးထားသော ငရုတ်သီးစိမ်း - စားနိုင်သလောက်
  8. ဆီ - ဟင်းခတ်ဇွန်းကြီး တဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  12. ကျိုထားသော ငါးပိရည်ကျိုပျစ်ပျစ် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. နံနံပင် - နှစ်သက်သလောက် ရေဆေးပြီး အနေတော် လှီးထားပါ
ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သွန်နီနှင့် ကြက်သွန်ဖြူကိုထည့်ပြီး နွမ်းအောင်ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးမှုန့်ထည့်ကာ ငရုတ်သီးနံ့ မွှေးလာတဲ့ထိ ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ငါးနှင့်ငါးငံပြာရည်ထဲ့ကာ ငါးအသားများ မာလာတဲ့အထိ ကြော်ပေးပါ
  • ငါးအသားများ မာလာတာနဲ့ ခရမ်းချဉ်သီးကိုထဲ့ပြီး အခွံများ လိတ်လာတဲ့ထိ မွှေပြီးချက်ပေးပါ
  • ခရမ်းချဉ်သီး အခွံများ လိတ်လာတာနဲ့ဆား အရသာမှုန့် ငပိရည်ကျိုတို့ထဲ့ပြီးမွှေပေးပါ
  • အားလုံး ပွက်ပွက်ဆူလာတာနဲ့ အရသာကိုမြည်းကာ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ငါး ငပိချက် မွှေးမွှေးလေးကို တို့စရာအစုံအလင်နဲ့ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment