Friday 15 September 2017

ငှက်ပျောသီး အုန်းနို့ပေါင်း





ဒီနေ့တော့ ငှက်ပျောပေါင်းလေး ပေါင်းပါတယ် မာမာပေါင်းတဲ့ ငှက်ပျောပေါင်းလေးက အုန်းသီးမှုန့် နွားနို့နဲ့ သကြားတို့နဲ့ ရောပြီး ပေါင်းထားတဲ့အတွက် အရသာ တစ်မျိုးထူးပြီး စားလို့အရမ်း ကောင်းပါတယ်။

မိမိနှစ်သက်ရာ ငှက်ပျောသီးကို ပေါင်းနိုင်ပြီး ပေါင်းမည့်ငှက်ပျောသီး အမျိုးအစား အချိုအရသာနှင့် အပျော့အမာပေါ် မူတည်ကာ သကြား ရေနှင့်နို့ကို ချင့်ချိန်ထည့်ပေးပြီး ပေါင်းနိုင်ပါတယ်။

မာမာကတော့ အရသာ အလွန်ချိုတဲ့ သီး​မွှေးငှက်ေ​ပျာသီး အမှည့်ကို ပေါင်းတာဖြစ်တဲ့အတွက် သကြားကို လျှော့ထည့်ထားသလို ရခိုင်ငှက်ပျောသီးလို ပေါင်းချိန်မကြာဘဲ ပေါင်းချိန်မြန်ပါတယ်။

ရခိုင်ငှက်ပျောသီးကို ပေါင်းမယ်ဆိုရင်တော့ ငှက်ပျောသီး အသားက အသားမာပြီး အချိုပေါ့တဲ့အတွက် သကြား နွားနို့နှင့် ရေကိုပိုပြီး ထည့်ရသလို ရခိုင်ငှက်ပျောသီးက အဖန်ဓါတ် ရှိတဲ့အတွက် ကင်ပွန်းချဉ်ရွက်နဲ့ ပြုပ်ပြီးမှ ပေါင်းရတဲ့အတွက် အချိန်အနည်းငယ် ပိုပြီး ကြာပါတယ်။

ပါဝင်ပစ္စည်းများ
  1. သီး​မွှေးငှက်ပျောသီး အမှည့် - ခြောက်လုံး 
  2. သကြား - ငါးကျပ်သားခန့်
  3. အုံးသီးဖတ် ခြစ်ပြီးသား - မိမိနှစ်သက်သလောက်
  4. နွားနို့ - တစ်လီတာ
  5. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ရေ - တစ်လီတာခန့်
ပြင်ဆင်ပုံ
  • ငှက်ပျောသီးများကို အခွံခွာထားပါ
  • အုန်းသီးမှုန့်နှင့်အတူ ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ငှက်ပျောပေါင်း ပြုလုပ်မည့် အိုးထဲမှာနွားနို့ ရေ သကြားနှင့် ဆားတို့ကို ရောထည့်ပြီး တည်ပေးပါ
  • သီး​မွှေးငှက်ပျောသီးက အချိုလေးတဲ့အတွက် သကြားကို လျှော့ထည့်ထားပါတယ်
  • ရခိုင်ငှက်ပျောသီးကို ပေါင်းမယ်ဆိုရင်တော့ သကြားကို ပိုပြီးထည့်ပေးပါ
  • ကျိုနေစဉ် အိုးထဲမှာ နွားနို့ပါတဲ့အတွက် ဝေမကျအောင် သတိထားပြီး တည်ပေးပါ
  • သကြားနှင့် ဆားတို့ အရည်ပျော်သွားပါက ကျိုထားသော အရည်ထဲတွင် အခွံခွာထားသော ငှက်ပျောသီးများထည့်ပြီး မီးအေးအေးဖြင့် တည်ထားပေးပါ
  • ငှက်ပျောသီးများ ပျော့လာပြီး အချိုရည်များ ၀င်သွားအောင် တည်ထားပေးပါ
  • နွားနို့မှ မလိုင်ဖတ်လေးတွေ တက်လာပြီး အရည်ပြစ်လာပါက အုန်းသီးဖတ်များ ထည့်​မွှေပေးကာ မီးပိတ်ပေးပါ
  • ပြီးတာနဲ့ စိမ့်ပြီးချိုနေသော ငှက်ပျောပေါင်းကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ဆင်ပေးနိုင်ပါပြီ။

No comments:

Post a Comment