Tuesday 22 March 2016

မုန့်ညှင်းချဉ်








မုန့်ညှင်းချဉ် လုပ်နည်းလေးက လွယ်ကူပေမဲ့ မြန်မာပြည်မှာတော့ လွယ်လွယ်ကူကူ ၀ယ်စားလို့ရတယ်ဆိုပြီး သိပ်မလုပ်ဖြစ်ပါဘူး ဒါပေမဲ့ ကိုယ်မမြင်ရတော့ လတ်ဆတ်တယ် သန့်ပြန့်တယ်ဘဲ ထင်ခဲ့မိတာပါဘဲ။

မြန်မာပြည် ပြန်တုန်းက ကြုံလိုက်ရတာလေး တခုကြောင့် မျက်လုံးမျက်ဆံ ပြူးခဲ့ရတာလေး သတိရပြီး ကိုယ့်ဘာသာကို မုန့်ညှင်းချဉ်ကို လုပ်တတ်အောင် ကျိုးစားခဲ့ရတာပါဘဲ။

ရှမ်းချဉ်တွေ အများကြီး ရောင်းတဲ့ဆိုင်မှာ ၀ယ်မယ်ဆိုပြီး ဆိုင်ရှေ့ရပ်လိုက်ချိန်မှာ ဇလုံအထဲက ရှမ်းချဉ်တွေမှာ မှိုတွေတက်နေတာကို ၀ယ်သူလာတော့မှ ဇွန်းကြီးနဲ့ထိုးမွှေပြီး ထည့်ပေးလိုက်တာတွေ့ထဲက အစားအသောက်တခုကို ကိုယ်တိုင်လုပ်တတ်တာ အကောင်းဆုံးပါလားဆိုပြီး အသိတခု ရလာခဲ့ခြင်းပါ။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - 1000 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. စမုံစပါး - ထမင်းစားဇွန်း တစ်ဇွန်းခန့် 
  4. နံနံစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခန့် 
  5. ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  6. ဆား - ထမင်းစားဇွန်း ၂ဇွန်း (မုန့်ညှင်းနှင့် မုံလာဥနီနယ်ရန်)
  7. ကြံသကာ သို့ ဘရောင်းရှူးဂါး - ထမင်းစားဇွန်း ၃ဇွန်း
  8. cooking wine - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆန်စိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုန်းညှင်းကို အပင်လိုက် ရေစင်အောင်ဆေးပေးပါ
  • ရေဆေးပြီး ရေစစ်ကာ အ၀တ်လှန်းသည့်တန်းမှာ တပင်ချင်း ချိတ်ပြီး နေပူလျှင် ၂နာရီလောက် နေမပူရင် တရက်လောက် လှန်းပေးပါ
  • နွမ်းသွားသော မုန့်ညှင်းပင်ကို တပင်ချင်း စဥ့်နီတုံးပေါ်တင်ပြီး ဆား ထမင်းစားဇွန်းတဇွန်းသာသာ ဖြူးကာ နယ်ပေးပါ
  • နာနာနယ်ပေးလေ ကောင်းလေမို့ အထက်မှာ ပြထားသော ဇလုံထဲက ပုံအတိုင်းရအောင် နယ်ပေးပါ
  • ဆားနယ်ထားသော မုန့်ညှင်းပင်များကို ၃နာရီခြား ၂ခါလောက် ရေညှစ်ပေးပါ
  • ရေညှစ်ပြီးသော မုန့်ညှင်းပင်ကို ၂လက်မနီးပါး အနေတော် လှီးပေးပါ
  • မုန်လာဥနီကို အခွံခွာပြီး ၂လက်မနီးပါး ပိုင်းဖြတ်ကာ ပုံပါအတိုင်း လှီးပေးပါ
  • လှီးပြီးသော မုံလာဥနီကို ဆားလက်ဖက်ရည်ဇွန်း တဇွန်းသာသာနှင့်နယ်ပြီး ၃နာရီခြား ၂ခါ ရေညှစ်ပေးပါ
  • စမုံစပါးနှင့် နံနံစေ့ကို မီးနည်းနည်းနဲ့လှော်ပြီး မညက်တညက် ထောင်းထားပါ
  • ကြံသကာဆိုလျှင် ထုပြီးချေထားပါ
  • ဆန်မှုန့်ကို ရေ ထမင်းစားဇွန်း ၁၅ဇွန်းခန့်နှင့် မပျစ်မကျဲလေးကျိုပြီး အအေးခံထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ဇလုံကျယ်ကျယ် တလုံးထဲမှာ အအေးခံထားသော ဆန်မှုန့်အရည်ကျို cooking wine စမုံစပါး နံနံစေ့ ကြံသကာ သို့မဟုတ် ဘရောင်းရှူးဂါး ငရုတ်သီးအကြမ်းမှုန့် လှီးထားသော မုန့်ညှင်းနှင့် မုံလာဥနီတို့ကိုထည့်ပြီး သမအောင် နယ်ပေးပါ
  • အားလုံးနယ်ပြီးတာနဲ့ ထည့်မည့်ဖန်ပုလင်းထဲသို့ ဖိသိပ်ထည့်ပေးပါ
  • ပုလင်းအဖုံးမှာ လေလုံသော အဖုံမှာဝါရှာပါက ပိုကောင်းပါတယ်
  • ပုလင်းထဲ ဖိသိပ်ထည့်ပြီးပါက အဖုံးကို လေလုံအောင်ဖုံးပြီး အခန်းအပူချိန်အတိုင်း ထားပါကာ မချဉ်မခြင်း အဖုံးကို မဖွင့်ဘဲ ထားပါ
  • ၃ရက်မှ လေးရက်အတွင်းဆို မုန့်ညှင်းချဉ် မွှေးမွှေးလေးရပါပြီ။

2 comments:

  1. Hello TT Mar

    ဆန်စိမ်းမှုန့် ka Rice flour ko pyaw tar lar?

    Thank you.

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်နော်

      Delete