Saturday, 8 November 2014

မုန့်လုံးရေပေါ် ချိုချိုလေး



အချိန်အခါမဟုတ်ပေမဲ့ စားချင်စိတ်လေးပေါ်လာတာနဲ့ မုန့်လုံးရေပေါ်လေး လုံးစားဖြစ်ပါတယ် မြန်မာ့လျာ မြန်မာ့ခံတွင်းဆိုတော့ ဘယ်အချိန်ဘဲဖြစ်ဖြစ် မြန်မာမုန့်လေးတွေကို တမ်းတမိတာတော့ အမှန်ပါ။

မနက်အိပ်ယာကနိုးတာနဲ့ ပဲပြုပ်ထမင်းကြော်လေး စားလိုက်ရရင်ကောင်းမလား ဆီထမင်း ရွှေထမင်းလေးများ စားလိုက်ရရင် ကောင်းမလားဆိုပြီး စိတ်ထဲမှာ အာသီသဖြစ်မိတာတော့ တကယ်ပါ ဒါကြောင့်မို့ ဒီနေ့တော့ မုန့်လုံးရေပေါ်လေးလုံးပြီး မြန်မာပြည် အလွမ်းပြေလေး စားကြတယ်ပေါ့နော်။

ပြင်ဆင်ရမှာလေးတွေ ပြောပါမယ်

  • ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ခွက်
  • ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၁ခွက်
  • ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ၂ဗူး
  • အုန်းသီးမှုန့် - အနည်းငယ်
  • ထန်းလျှက်ခဲ - အနည်းငယ်
  • ဆား - အနည်းငယ်
မုန့်လုံးဖို့အတွက် ပြင်ပါမယ်
  • ဆန်မှုန့် နှင့်ကောက်ညှင်းမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲမှာ ရေနည်းနည်းချင်းထဲ့ပြီးနှဲပေးပါ
  • မုန့်သားပျော့ပြီးစေးပိုင်လာပါက ရေပိုနေရင် ချန်ထားလိုက်ပါ
  • ရေတခါထဲမထဲ့ဘဲ ဖြေးဖြေးချင်းနှဲတာက ရေကိုလိုသလောက်ဘဲသုံးနိုင်ပါတယ်
  • မုန့်သားပျော့လာပါက နာရီဝက်တနာရီလောက် အခန်းအပူချိန်အနိုင်း ဒီတိုင်းထားပေးပါ
  • အ၀တ်ရေစိုလေးအုပ်ထားပေးက ပိုကောင်းပါတယ်
  • ထန်းလျှက်ခဲကို လက်တစ်ရဲ့ တ၀က်သာသာလောက်လေးတွေ တုံးပေးထားပါ
  • အုန်းသီးမှုန့်ကို ဆားအနည်းငယ်ထဲ့ပြီး ငံမြမြလေးရအောင် ဖွဖွလေးနယ်ထားပေးပါ
  • မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ကွမ်းသီးဆံလောက်ရအောင်ယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပြီး လုံးပေးပါ
  • အလုံးလေးဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးနှင့်ဖိလိုက်ပါ
  • ချိုင့်သွားသောနေရာသို့ထန်းလျှက်ခဲ အစိတ်လေးတခုထဲ့လိုက်ပါ
  • ထန်းလျှက်ခဲပေါ်သို့ မုန့်သားပြန်အုပ်ပြီး လုံးပေးပါ
  • ထန်းလျှက်ခဲ မပေါ်အောင် မုန့်သားကို သတိထားပြီးအုပ်ပေးပါ
  • ထန်းလျှက်ခဲ ပေါ်ပါက မုန့်သားကို ရေဆူဆူနှင့်ပြုတ်ချိန်မှာ ထန်းလျှက်များ အပြင်သို့ ပေါက်ထွက်ပါတယ်
  • အားလုံးလုံးပြီးပါက ရေများများထဲ့ပြီး ဆူအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက လုံးလုံးထားသောမုန့်များကို တလုံးချင်းထဲ့ပေးပါ
  • မုန့်သားကျက်ပြီးရေပေါ် ပေါ်လာပါက မုန့်အတွင်းသားများကျက်စေရန် နှစ်မိနစ်လောက်ထားပြီးမှဆယ်ပါ
  • ရေအေးဇလုံ သန့်သန့်ထဲသို့ ပေါ်လာသော မုန့်လုံးရေပေါ်များကို ဇွန်းဇကာဖြင့်ဆယ်ထဲ့ပါ
  • မုန့်လုံးရေပေါ်များ အေးလာပါက ဆီစွတ်ထားသော ဌက်ပျောဖက်ပေါ်သို့ ဖျန့်ပြီးတင်ပေးပါ
  • ဌက်ပျောဖက်မရှိပါက ပန်းကန်ပြားထဲသို့ဆယ်ထဲ့ပါ
  • အားလုံးပြီးပါက အုန်းသီးမှုန့်ဖြူးပြီး ရာသီစာ မုန့်လုံးရေပေါ်လေးကို စားသုံးနိုင်ပါပြီ။

4 comments:

  1. မာမာရေ မုန့်လုံးရေပေါ်လာစားနေတယ်

    ReplyDelete
    Replies
    1. အားမနာနဲ့နော် စားပါ စံပယ်ချိုရေ

      Delete
  2. အစ်မ လုပ်ထားသမျှ မုန့်တွေ အစားအသောက်တွေကို အားပေးသွားပါတယ်နော် .... ^___^

    ReplyDelete
    Replies
    1. အားပေးတတ်တဲ့ညီမလေးကြောင့် ပင်ပန်းရကျိုးနပ်ပြီး အမောပြေပါတယ် ညီမလေးရေ

      Delete