Thursday, 21 September 2017

နို့မလိုင် စိမ့်စိမ့်လေး






အရင်တပါတ်က နွားနို့တွေ ဝယ်ထားတာ မနေ့ကထိ မကုန်လေတော့ သုံးရမဲ့ ရက်စွဲကလဲ ကုန်ခါနီးနေပြီ ဒီတော့ကာ ပြစ်လိုက်ရမဲ့ အတူတူဆိုပြီး မလိုင်ကျိုဖြစ်သွားပါတယ် မလိုင်ကျိုတဲ့အခါ full cream milk ကို ကျိုတာ မလိုင်များများ ပိုရပါတယ်။

အချိန်လေးပေးပြီး ကျိုရတဲ့အတွက် ကျိုရကျိုးနပ်အောင် စားလို့အရမ်းကောင်းတဲ့အတွက် မာမာကျိုတဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပြင်ဆင်ပုံ

  • နွားနို့ ၂လီတာ (full cream milk) ကို အိုးအသားထူပြီး အိုးကြီးကြီးထဲမှာထဲ့ကာ မီးအနေတော်နှင့် ကျိုပေးပါ
  • အသုံပြုမည့် အိုးအသား ပါးပါက နို့များခနလေးနဲ့ တူးကပ်သွားနိုင်ပါတယ်
  • မီးအပူရှိန်ပြင်းပါကလဲ နို့ များဝေကျတတ်သလို မလိုင်မတက်ဘဲ နို့အိုးအောက်ခြေတွင် ချိုးတူးခြင်းများ ဖြစ်တတ်တဲ့အတွက် မီးမပြင်းအောင် သတိပြုပေးပါ
  • နွားနို့အိုး ပွက်ပွက်ဆူလာလျှင် မီးကို အနည်းငယ်လေး ထပ်လျှော့ပေးပါ
  • နွားနို့အိုး မျှင်းမျှင်းလေးနဲ့ ဆူနေချိန်မှာ တက်လာသည့် မလိုင်များကို ဘေးတဖက်ကိုတွန်းကာ ခပ်ပေးပြီး ပန်းကန်တခုထဲ ထည့်ထားပေးပါ
  • နွားနို့မလိုင်တက်ရန် မီးမျှင်းမျှင်းလေးနှင့် ကျိုချိန် အချိန်ကြာတဲ့အတွက် တခြားအလုပ်လဲ လုပ်နေရင်း ကျိုထားနိုင်ပါတယ်
  • မကြာမကြာ သတိထားပြီး နို့မလိုင်များကို ခပ်ခပ်ပေးပါ
  • တခါခပ်ပေးလိုက် ခနနေ မလိုင်က ပြန်တက်လာလိုက်မို့လို့ မလိုင်များကို မကြာခဏ ခပ်ထုတ်ပေးပါ
  • ထိုနည်းအတိုင်း နွားနို့ကုန်အောင် ကျိုနေရင်း ရလာသော မလိုင်များကို ခပ်ခပ်ပေးလို့ ရလာတဲ့ နို့မလိုင် စိမ့်စိမ့်မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ဆင်ပေးဖို့ ရလာမှာ ဖြစ်ပါတယ်။

Wednesday, 20 September 2017

အမဲနှစ်လုံးပြုပ်



ဟင်းချက်ဖို့ စဉ်းစားလို့ မရတဲ့ရက်တွေမှာ ဈေးမှာပါတ်ချာလည်နေရင်း ကြံရာမရတဲ့အဆုံး တွေ့တာတွေ ခြင်းထဲကောက်ထည့်လာရတာမျိုးလဲ ဖြစ်တတ်ပါတယ်။

ဒီနေ့တော့ အမြဲတမ်းတော့ မစားဖြစ်ပေမဲ့ တခါတလေ စားဖြစ်တဲ့ အမဲနှစ်လုံးလေးတွေ ဝယ်လာကာ ကြက်သွန်ဖြူ စပါးလင် ချင်းတို့နဲ့ ပြုပ်ကာ အချဉ်ရည်လေးစပ်ပြီး စားဖြစ်တဲ့အတွက် ပြုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အမဲနှစ်လုံး  - ၂ခု
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ချင်းခပ်ပါးပါး - လေးပြား
  • စပါးလင် -၂ပင်
  • ကြက်သွန်ဖြူ အလုံးလိုက် - ၂ဥ
အချဉ်ရည်စပ်ရန်
  • ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း 
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - စားနိုင်သလောက်
  • သံပုရာရည် - စားနိုင်သလောက်
  • အားလုံးကို ဇလုံတခုထဲထည့်ပြီး သမအောင် ရောမွှေထားပါ

ပြင်ဆင်ပုံ
  1. အမဲနှစ်လုံးကို ရေဆေးပြီး ထက်ခြမ်းခြမ်းကာ ဆား ဟင်းချိုမှုန့် နနွင်းမှုန်တို့နှင့်နယ်ပြီး ၁၀မိနစ်လောက်ထားပါ
  2. စပါးလင်ကို အပင်လိုက်ရေဆေးပြီး အထုံးထုံးကာ မညက်တညက် ထုထားပါ
  3. ချင်းကိုရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  4. ကြက်သွန်ဖြူ အလုံးလိုက်ကို အပြင်ခွံ နဲနဲချွတ်ကာ ရေဆေးထားပါ
  5. အမဲနှစ်လုံး အရသာဝင်လောက်တာနဲ့ ကြက်သွန်ဖြူ အလုံးလိုက် ထုထားသော စပါးလင် ချင်းပြားနှင့် ရေ အနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
  6. အိုးမကပ်စေရန် သတိထားတည်ပေးပါ
  7. အရင်ဆုံး ထည့်ထားသော လုံးရည်ခမ်းတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့ထိ ပြုပ်ပေးပါ
  8. အသားနူးလာပြီး ရေမခမ်းခင်လေးမှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပါ
  9. ရေခမ်းလျှင် အိုးကပ်သွားနိုင်တဲ့အတွက် ရေမခမ်းခင် မီးပိတ်ပေးပါ
  10. ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးပေးကာ မိမိနှစ်သက်သော ကြက်သွန်ဖြူ ကြက်သွန်နီ အချဉ်ရည်တို့နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Tuesday, 19 September 2017

ဝက်နံရိုးကြော်










ဒီတခါတော့ နေ့လည်နေ့ခင်း သားအမိတစ်တွေ စကားပြောရင်း စားဖို့အတွက် ဝက်နံရိုးလေးကြော်လေး ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး ကြော်ရတာ လွယ်ကူတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသားထူသော ဝက်နံရိုး  -  500g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ခွက်
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ
  • ချင်းအရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၅လုံးသာသာ
ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ချင်းရည် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ် ခပ်ပျစ်ပျစ် ဖြစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • မုန့်နှစ်အရမ်းမပျစ် အရမ်းမကျဲစေရန်အတွက် ရေကိုချင့်ချိန်ထဲ့ပြီး လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်နံရိုးကို ရေဆေးကာ ရေစစ်ထားပြီး ပုံပါအတိုင်း တလက်မသာသာ အနေတော်တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဝက်နံရိုးကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်နံရိုးမုန့်နှစ်လူးကိုတတုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်းများပါက ဝက်နံရိုးမှာ ကပ်နေသော အသားများ မကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်နံရိုးကြော် တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်နံရိုးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။

Monday, 18 September 2017

ဝက်ခေါက်ကြော် ကြွတ်ကြွတ်လေး








ဝက်ခေါက်ကြော် စားချင်လို့ တခါတလေလေး ကြော်ပါတယ် ဇကောတချပ်နဲ့ကာလိုက် ပြေးလိုက်ရတာ အမောပါဘဲ ဆီကပေါက်လိုက် ဇကောနဲ့ကာလိုက် ဆီစဉ်မှာဆိုးလို့ ပြေးလိုက် ကြော်ပြီးပန်တော့ ဆေးလိုက်ရတဲ့ မီးဖိုနဲ့ ကြမ်းပြင်တခုလုံး နာရီနဲ့ချီပြီး ဆေးလိုက်ရပေမဲ့ အချိန်တန်တော့လဲ ဝက်ခေါက်ကြော်လေးတော့ ဖြစ်လာတာပါဘဲ။

ပါဝင်ပစ္စည်းများ
  • ဝက်ခေါက် - 1kg
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အချိုမှုန့် - လက်ထက်ရည်ဇွန်း တဇွန်း
  • သစ်ဂျပိုးခေါက် - တလက်မခန့် 
  • နာနတ်ပွင့် -၃ ပွင့်
  • ကရဝေးရွက် - ၅ရွက်
  • ဖာလာ - ၃စေ့
  • ဆီ - ၀က်သားမြုပ်လုနီးပါးထည့်ရန်
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးတလုံးထဲမှာ ၀က်ခေါက်မြုပ်နိုင်ရုံ ရေတ၀က်သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ ၀က်ခေါက် ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ
  • အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုပ်ပေးပါ
  • ၀က်ခေါက်ပြုပ်ထားစဉ် ထွက်လာသော အမြှုပ်များကို ခပ်ပြီးသွန်ပေးပါ 
  • အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ
  • ၀က်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ
  • လေသလပ်ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ
  • အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိုင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတလုံးကို အပူပေးပါ
  • ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ
  • ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ
  • နောက်တဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပြီး နောက်တဖက်ကို လှန်ပေးပါ
  • တဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ
  • ဆီပေါက်ပြီး လူကိုစင်စေနိုင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • မိမိလှီးထားသော ဝက်ခေါက်အထူအပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ
  • တခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိုင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ
  • ဝက်ခေါက်များ မွပြီးကြွတ်လာကာ အညိုရောင်ဘက် သန်းလာပါက ဆီစစ်ဇကာထဲသို့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပြီး အေးသွားပါက ဝက်ခေါက်ကြော် ကြွတ်ကြွတ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရှမ်းခေါက်ဆွဲ မုန့်တီနှင့် အချဉ်နှင့် တို့ပြီးစားနိုင်ပါပြီ။

Sunday, 17 September 2017

ဝက်သားပြားကြော်


ဒီတခါတော့ ဝယ်လာတဲ့ ဝက်သားတွေထဲက အသားပြားလေးတွေ ခပ်ပါးပါးလှီးပြီး တန်ပူရာမှုန့်လေးနဲ့နယ်ကာ အသားပြားကြော်လေး ကြော်စားမိပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းမို့လို့ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အဆီမပါသော ဝက်သား  -  250g
  • တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တခွက်ခွဲ
  • ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တ၀က်သာသာ (လိုတိုးပိုလျှော့ လုပ်ပါ)
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အချိုမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် 
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၅လုံးသာသာ
ကြော်ဖို့ပြင်ရန်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးပြီး ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • ဝက်သားကို အတုံးလိုက် ရေဆေးကာ ခပ်ပြားပြား ပါးပါးလေးတွေ ပုံပါအတိုင်း အနေတော်တုံးပေးထားပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ဝက်သားကို နှစ်ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်သားမုန့်နှစ်လူးကိုတတုံးခြင်း ထဲ့ကြော်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်းများပါက ဝက်သားမကျက်ဘဲ ဖြစ်နေတတ်ပါတယ်
  • ဝက်သားပြားကြော် တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက ဝက်သားပြားကြော် ကြွတ်ကြွတ် ရွရွလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။

Saturday, 16 September 2017

ချိုချဉ်ငံစပ် သရက်ယို


သရက်သီးခြောက်လေးတွေ လှမ်းထားတာ အခုလိုရာသီးမျိုးမှာ အရမ်းဘဲ အသုံးဝင်ပါတယ် ယိုထိုးစားမလား ဟင်းချက်စားမလား အရမ်းကို အစဉ်ပြေတဲ့ သရက်သီး ခြောက်လေးတွေပါ ဒီနေ့တော့ သရက်သီးခြောက်ကို ထန်းလျှက်ခဲနဲ့ ယိုထိုးနည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီးခြောက် - 350g
  • ထန်းလျှက်ခဲ - 200 g (အချိုကြိုက်ပါက ပိုထဲ့ပေးပါ)
  • ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၃ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • လေးညှင်း - ၂ပွင့်
  • ဖာလာ - ၂ခု
  • စမုံစပါး - အနည်းငယ်

ပြင်ဆင်ပုံ
  1. သရက်သီးခြောက်ကို ရေနှင့်တထပ်လောက် ဆေးပေးကာ ပေါင်းဇကာထဲထည့်ပြီး ရေနွေးဆူဆူနှင့် တနာရီလောက် ပေါင်းပေးပါ
  2.  သရက်သီးခြောက်များ ပျော့လာပါက ပေါင်းအိုးကို မီးပိတ်ထားပါ 
  3. လေးညှင်း ဖာလာ စမုံစပါးတို့ကို မီးအေးအေးနှင့် မွှေးလာအောင် လှော်ထားပါ
  4. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ပေါက်စေးမကျတကျ ကျိုပါ
  5. ထန်းလျှက်ရည် ပေါက်စေးမကျခင် အမှိုက်များကို ဇကာနှင့်စစ်ပြီး ထန်းလျှက်ရည်ကို အိုးအသန့်တလုံးထဲ ပြန်ထည့်ပါ
  6. ထန်းလျှက်ရည်ထဲသို့ပေါင်းထားသော သရက်သီးများ ငရုတ်သီးမှုန့် ဆား လေးညှင်း ဖာလာ စမုံစပါးတို့ထည့်မွှေပေးပြီး ထန်းလျှက်ရည် ရေခမ်းအောင် မီးအေးအေးနှင့် မွှေပေးပါ
  7. ထန်းလျှက်ရည် ခမ်းလာကာ သရက်ယိုလေးလဲ မွှေးလာပြီဆိုပါက အအေးခံပြီး စားသုံးနိုင်ပါပြီ။

Friday, 15 September 2017

ငှက်​​ပျော​ပေါင်း ချိုချိုလေး





ဒီငှက်ပျောပေါင်းလေးက အုန်းသီးမှုန့် နွားနို့နဲ့ သကြားတို့ ရောပြီး ပေါင်းထားတဲ့အတွက် အရသာ တမျိုးထူးပြီး စားလို့အရမ်း ကောင်းပါတယ် မိမိနှစ်သက်ရာ ငှက်ပျောသီးကို ပေါင်းနိုင်ပြီး ပေါင်းမည့်ငှက်ပျောသီး အမျိုးအစား အချိုအရသာနှင့် အပျော့အမာပေါ် မူတည်ကာ သကြား ရေနှင့်နို့ကို ချင့်ချိန်ထည့်ပေးပြီး ပေါင်းနိုင်ပါတယ်။

မာမာကတော့ အရသာအလွန်ချိုတဲ့ သီး​မွှေးငှက်ေ​ပျာသီး အမှည့်ကို ပေါင်းတာဖြစ်တဲ့အတွက် သကြားကို လျှော့ထည့်ထားသလို ရခိုင်ငှက်ပျောသီးလို ပေါင်းချိန်မကြာဘဲ ပေါင်းချိန်မြန်ပါတယ် ရခိုင်ငှက်ပျောသီးကို ပေါင်းမယ်ဆိုရင်တော့ အသားမာပြီး အချိုပေါ့တဲ့အတွက် သကြား နွားနို့နှင့် ရေကိုပိုထည့်ပြီး ပေါင်းစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သီး​မွှေးငှက်ပျောသီး အမှည့် - ၆လုံး 
  • သကြား - ၅ကျပ်သားခန့်
  • အုံးသီးဖတ် ခြစ်ပြီးသား - မိမိနှစ်သက်သလောက်
  • ကျိုပြီးသားနွားနို့ - ၁ လီတာ
  • ဆား - အနည်းငယ်
  • ရေ - တလီတာခန့်


  • ပြုလုပ်နည်း

    • ငှက်ပျောသီးကို အခွံခွာထားပါ
    • အုန်းသီးမှုန့်နှင့်အတူ ပါဝင်ပစ္စည်းများအားလုံးကို အဆင်သင့် ပြင်ထားပါ
    • ငှက်ပျောပေါင်း ပြုလုပ်မည့် အိုးထဲမှာနွားနို့ ရေ သကြားနှင့် ဆားအနည်းငယ်တို့ကို တည်ပါ
    • သီး​မွှေးငှက်ပျောသီးက အချိုလေးတဲ့အတွက် သကြားကို လျှော့ထည့်ထားပါတယ်
    • ရခိုင်ငှက်ပျောသီးကို ပေါင်းမယ်ဆိုရင်တော့ သကြားကို ပိုပြီးထည့်ပေးပါ
    • အရည်ကျိုနေစဉ် နွားနို့ပါတဲ့အတွက် ဝေမကျအောင် သတိထားပြီး တည်ပေးပါ
    • သကြားနှင့် ဆားတို့ အရည်ပျော်သွားပါက သကြားရည်ထဲတွင် အခွံခွာထားသော ငှက်ပျောသီးများထည့်ပြီး မီးအေးအေးဖြင့် တည်ထားပေးပါ
    • ငှက်ပျောသီးများ ပျော့လာပြီး အချိုရည်များ ၀င်သွားအောင် တည်ထားပေးပါ
    • နွားနို့မှ မလိုင်ဖတ်လေးတွေ တက်လာပြီး အရည်ပြစ်လာပါက အုန်းသီးမှုန့် ထည့်​မွှေပေးကာ မီးပိတ်ပေးပါ
    • စိမ့်ပြီးချိုနေသော ငှက်ပျောပေါင်းကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။